ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရုက္ခဗေဒ ဥယျာဉ်တွင်း ရှုခင်း တနေရာ

ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ် (မူလအမည် အမျိုးသား ရုက္ခဗေဒ ဥယျာဉ်) သည် ၁၇၇ ဟက်တာ ကျယ်ဝန်းပြီး မန္တလေးမြို့မှ ၄၄ မိုင် (၆၉ ကီလိုမီတာ) အကွာ ပင်လယ်ရေမျက်နှာပြင် ၃၆၀၅ ပေ (မီတာ ၁၀၀၀) အမြင့်ရှိ ပြင်ဦးလွင်မြို့ (မေမြို့) တွင် တည်ရှိသည်။ [၁]

မာတိကာ

[ပြင်​ဆင်​ရန်​] သမိုင်း

ယင်းဥယျာဉ်အား ၁၉၁၅ ခုနှစ်တွင် ဗြိတိသျှ သစ်တောဦးစီးအရာရှိ အဲလက်စ်ရော်ဂျာ (Alex Roger) က မေမြို့ ရုက္ခဗေဒ ဥယျာဉ် အဖြစ် ဦးစွာ တည်ထောင်ခဲ့သည်။ မူလဥယျဉ်မှာ ဧက ၃၀ (၁၂၀၀၀၀ စတုရန်းမီတာ) ကျယ်ဝန်းပြီး အပျော်တန်း ဥယျဉ်မှူး လေဒီ ရှားလက်ခပ်ဖ် (Charlotte Wheeler Cuffe) ၏ အကူအညီဖြင့် ဗြိတိန်နိုင်ငံ Kew တော်ဝင် ရုက္ခဗေဒ ဥယျာဉ်ကို အတုယူကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၁၉၁၇ ခုနှစ်တွင် ဗြိတိသျှ ကိုလိုနီ အစိုးရမှ တရားဝင် အသိအမှတ်ပြုခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရမှ ကာကွယ်ထိန်းသိမ်းသည့် ဥယျာဉ်အဖြစ် ကြေငြာခဲ့သည်။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် သစ်တောရေးရာဝန်ကြီးဌာနမှ “ ဘေးမဲ့သစ်တော” အဖြစ် ရေးဆွဲသတ်မှတ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယင်းဥယျာဉ်အား “ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်” အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ [၂]

[ပြင်​ဆင်​ရန်​] အပင်နှင့် ပန်းမန်များ

ဥယျာဉ် ဝင်ပေါက်အနီးရှိ ပန်းခင်း
ကန်တော်ကြီးရှိ Takin ဆိတ်

ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်တွင် အပင်မျိုးစိတ် ဒေသခံမူလ (ပြည်တွင်း) မျိုးစိတ် ၅၁၄ မျိုးနှင့် ပြည်ပမျိုးစိတ် ၇၄ မျိုး၊ ဝါးမျိုးစိတ် ၇၅ မျိုး၊ croton မျိုးစိတ် ၇၅ မျိုး ရှိသည်။ မူလမျိုးစိတ် သစ်ခွ မျိုး ၃၀၀ အနက် မျိုးစိတ်ပေါင်း ၁၇၈ မျိုးမှာ ၁၉၄၂ ခုနှစ်ကတည်းက စုဆောင်းခဲ့သည့် မျိုးစိတ်များ ဖြစ်ကြသည်။ နှင်းဆီ မျိုးစိတ် ၂၅ မျိုးနှင့် နှင်းပန်း မျိုးစိတ် ၆ မျိုးလည်း ရှိသေးသည်။ တိုင်းရင်း ဆေးဖက်ဝင် အပင်များကိုလည်း ယင်းဥယျာဉ်အတွင်း၌ စိုက်ပျိုးထားသည်။ .

အမျိုးသား ရုက္ခဗေဒ ဥယျာဉ်အား သစ်တောရေးရာ ဝန်ကြီးဌာနမှ ကြီးကြပ်ဦးစီး လျက်ရှိသည်။ ဥယျဉ်၏ ဘေးမဲ့တော စည်းဝိုင်းမှာ ၄၂ ဧက ရှိသည်။ မျိုးသုဉ်းလုနီး သားရိုင်းတိရိစ္ဆာန်အချို့ကိုလည်း ဥယျာဉ်အတွင်း၌ မွေးမြူထားသည်ကို တွေ့နိုင်ပါသည်။ ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်သည် ယူကေ (ဗြိတိန်) အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရုက္ခဗေဒ ဥယျာဉ် ထိန်းသိမ်းရေး အဖွဲ့အစည်းနှင့် ပူးပေါင်းကာ သဘာဝအလိုက် ပေါက်ရောက်သည့် ဒေသခံ သစ်ခွမျိုးစိတ်များကို ကာကွယ် ထိန်းသိမ်းလျက်ရှိသည်။[၂] ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်သည် ကမ္ဘာလှည့်ခရီးသည်များ အသွားများသည့် နေရာတခုလည်း ဖြစ်ပါသည်။ [၂][၁]

[ပြင်​ဆင်​ရန်​] အခမ်းအနား

၂၀၀၆ ခုနှစ် ပန်းမန်ပွဲတော်

ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်၏ စိန်ရတု အခမ်းအနားကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၄ မှ ၂၀၀၇ ခုနှစ် ဇန္နဝါရီ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည်။ [၂] ပြီးခဲ့တဲ့နှစ်များအတွင်း ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်အား တိုးချဲ့ခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် လက်ရှိ အတိုင်းအတာအထိ ကျယ်ဝန်းလာသည်။ ၂၀၀၆ ခုနှစ်မှ စ၍ နှစ်စဉ် ဒီဇင်ဘာလ ရောက်တိုင်း ပန်းမန်ပွဲတော်ကို ကျင်းပလေ့ရှိသည်။ ၂၀၀၈ ခုနှစ်တွင် ကျင်းပသည့် ၅ ရက်တာကြာမြင့်သည့် ပွဲတော်တွင် ပြည်တွင်း ပန်းမျိုးစိတ် ၁၆ မျိုး၊ ပြည်ပ မျိုးစိတ် ၇၀ မျိုးပါဝင်သည့် ပန်းပေါင်း ၇ သန်းကျော်ကို ခင်းကျင်းပြသခဲ့သည်။ ၂၀၀၁ ခုနှစ်မှစ၍ နှစ်စဉ် ပျမ်းမျှ သွားရောက် လည်ပတ်သူ ဦးရေ ၄ သိန်းခန့် ရှိခဲ့သည်။ [၁]

[ပြင်​ဆင်​ရန်​] ပြတိုက်များ

အပန်းဖြေအနားယူ လေ့လာသူတို့ ဗဟုသုတ ရရှိစေရန်နှင့် ပိုမိုစိတ်ဝင်စားရန်အတွက် လိပ်ပြာပြတိုက်၊ အင်ကြင်းပြတိုက်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပြတိုက်တို့ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် တိုးချဲ့ဖွင့်လှစ်ထားသည်။ လိပ်ပြာပြတိုက်တွင် လိပ်ပြာကောင်ရေ သုံးသောင်းကို ပုံးပေါင်း ၂၈၀ ဖြင့် ပြသထားသည်။ အင်ကြင်းပြတိုက်တွင် သဘာဝအင်ကြင်း၊ ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းများအပြင် သီးခြား အမျိုး ၂၀၀ နီးပါးရှိ နိုင်ငံခြား နည်းပညာများဖြင့် အရောင်တင်ထားသည့် အင်ကြင်းကျောက် အရောင်မျိုးစုံကို ပြသထားသည်။ ၆ လက်မမှ ၁၅ ပေ အတွင်းရှိ အင်ကြင်းကျောက် အရောင်အသွေးမျိုးစုံကို သွားရောက်လေ့လာသူအပေါင်း ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ထို့အပြင် အထူးပြကွက်အနေဖြင့် ထန်းကျောက်အမျိုး ၅၀ ကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ထန်းပင်ပေါများသည့်အတွက် ထန်းပင်မှဖြစ်သည့် အင်ကြင်းကျောက်များကို ပြသထားခြင်း ဖြစ်သည်။ ယင်းကဲ့သို့မျိုး နိုင်ငံတကာမှာပင် ပြသဖူးခြင်းမရှိကြောင်း သိရသည်။ အဆိုပါ အင်ကြင်းကျောက် ပြတိုက်တွင် အင်ကြင်းကျောက် အရောင်တင်ပုံ အဆင့်ဆင့်ကို ပြသထားသည်။ အင်ကြင်းကျောက်မှ ထုတ်လုပ်သည့် ပုတီး၊ လက်ကောက်၊ နားကပ်၊ နားဆွဲ၊ သော့ချိတ်၊ ဆွဲပြားနှင့် ပန်းချီကားများကိုလည်း တွေ့နိုင်ပါသည်။

ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်တွင် သတ္တဝါ ၁၅ မျိုး၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ပြသထားသည်။ ဦးစားပေးအနေဖြင့် ၇ ပေရှိ ဆင်စွယ်အစုံလိုက်နှင့် အစိတ်အပိုင်းမျိုးစုံကို ပြသထားရာ လာရောက်လေ့လာသူများ သတ္တဝါ တစ်ကောင်းချင်းစီ၏ အစိတ်အပိုင်းများကို အသေးစိတ် လေ့လာခွင့် ရရှိနိုင်မည်ဖြစ်ည်။

ထို့အပြင် မိကျောင်းနှင့် ကမ္ဘာဦးလိပ် အမျိုးအစား ၂ မျိုး သို့မဟုတ် ၃ မျိုးကို ပြသထားသလို ဆင်၊ မိကျောင်း၊ လိပ်၊ ရေမြင်း၊ ကြံ့၊ ဝက်၊ နွား၊ အသားစား သတ္တဝါ စသည့် သတ္တဝါများ၏ ဦးခေါင်း၊ သွား၊ ချို စသည့် အစိတ်အပိုင်းများကိုလည်း ကြည့်ရှုလေ့လာနိုင်သည်။ လိပ်၊ ကဏန်း၊ ရေအောက် သတ္တဝါအချို့တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း အကောင်လိုက် ပြထားသည်ဟု သိရသည်။ သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများအပြင် သစ်ပင်ကဖြစ်သည့် ရုပ်ကြွင်းများ၊ အမြစ်များ၊ အခေါက်များ၊ ကျောက်ပိုးများကိုပါ ပြသထားသည်။

ယင်းပြတိုက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကိုသာ ပြသထားသည်။ [၃]

[ပြင်​ဆင်​ရန်​] ကျမ်းကိုး

  1. ၁.၀ ၁.၁ ၁.၂ "Huge flower festival underway in Myanmar northern city", China Daily Updated: 2008-12-12 11:32. Retrieved on 2008-12-14. 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Myanmar is celebrating National Kandawgyi Botanical Gardens Diamond Jubilee. Ministry of Forestry. Retrieved on 2007-01-08
  3. ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်