ကနန်း၊ ရေသတ္တဝါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂဏာန်း၊ ပုစွန်လုံး၊ ပုစွန်မျိုးစိတ်များ
Liocarcinus vernalis ဟုခေါ်သည့် ဂဏာန်း

ကျွန်ုပ်တို့ သိသလောက် ရေသတ္တဝါများ၌ ခြေ ထောက်ပါသည်ကို အလွန်တွေ့ရခဲသည်။ များသောအားဖြင့် ခြေထောက် အတုအယောင်များသာ ပါရှိကြသည်။ ကနန်း (ပုဇွန်လုံး)တွင်ကား ထူးခြားစွာ ခြေထောက် ၁ဝ ချောင်း ပါ ရှိသည်ကို တွေ့ရ၏။ ယင်းတို့အနက် ၈ ချောင်းကိုသာ လမ်း လျှောက် သွားလာရန် အသုံးချ၍ ကနန်းလက်မခေါ် ကြီးမား သန်စွမ်းသည့် ပထမအစုံကိုမူ လက်သဖွယ် အသုံးချသည်။ ထိုလက်မကြီးများသည် ကနန်းအတွက် အကာအကွယ် လက်နက်လည်း ဖြစ်၏။ ကနန်း၏ ကျောကုန်းမှာ အံ့ဖွယ် ကောင်းလောက်အောင် မာကျောသော အခွံထူဖြစ်၍ ဤအခွံကြီး က သူ၏ ကိုယ်ခန္ဓာကို ကာကွယ် ထားသည်။ ကိုယ်အရှေ့ ပိုင်းတွင် ရင်အုပ်ကာသံချပ်သဖွယ် အကာအကွယ်ပါရှိ၍ ခြေထောက် ၁ဝ ချောင်း စလုံးမှာလည်း မာကျောသော အခွံ များဖြင့် အသီးသီး ဖုံးအုပ်လျက်ရှိပေသည်။ ကနန်းသည် ရန်သူ ကို လက်မဖြင့် မြဲမြံစွာ ညှပ်တတ်သောကြောင့် ယင်းတို့ကို သတိနှင့် ကိုင်တွယ်ရာသည်၊ ကနန်း၏ မျက်လုံးများတွင် အညှာတံပါရှိ၍ ယင်းတို့သည် ဝင်လိုက်ထွက်လိုက် လုပ် တတ်သောကြောင့် တစ်နည်းအားဖြင့် ရယ်ဖွယ်ကောင်းသည်။ သူ၏ ပါးစပ်မှာလည်း အလွန်အံ့ဩဖွယ်ကောင်းသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ယင်းတွင် စမ်းသပ်ရန်၊ ကိုက်ဖဲ့ရန်နှင့် အစာကို ဝါးချေရန် အင်္ဂါအစိတ်အပိုင်းများ ပေါင်းစု ပါဝင်သောကြောင့် ဖြစ်၏။

သံပခြုပ်မျိုးနွယ်ဝင် ခဲတံနီသံပခြုပ်ကောင်အား စားနေသည့် ပင်လယ်ဂဏာန်းနီတစ်ကောင်၊ ဟာဝိုင်ယီကျွန်းစု။

ကနန်းသည် မိမိနှင့် အမျိုးတော်စပ်သော ကျောက်ပုဇွန်၊ ပုဇွန်ထုပ်ကြီးများနှင့် ဆင်တူသည်။ ဆင်တူပုံမှာ အဆိုပါ ရေသတ္တဝါများကဲ့သို့ပင် ကနန်း၌ အာရုံမှင်၊ မျက်စိနှာတံ၊ မေးရိုး၊ ထူးဆန်းသော ပါးစပ်၊ ကိုယ်ဖုံး အခွံမာနှင့် ခြေ ထောက် ၅ စုံစီ ပါရှိကြသည်။ သို့သော် ပုဇွန်တို့ကဲ့သို့ ဝမ်းပိုက်မကြီးချေ။

ကနန်းသည် ရေသတ္တဝါပင် ဖြစ်သော်လည်း ကုန်းပေါ်၌ ဟိုမှသည်မှ လျှောက်သွားရန် နှစ်သက်သည်။ အခြားရေသတ္တဝါ များနည်းတူ ပါးဟက်ဖြင့် ရေထဲ၌ အသက်ရှူသော်လည်း ကုန်း ပေါ်တွင် အတန်ကြာကြာ နေနိုင်သည်။ နေနိုင်ခြင်းမှာ ယင်းတို့ ၏ ပါးဟက်များကို စွတ်စိုမြဲစွတ်စိုအောင် ပြုလုပ်ထားနိုင်သော ကြောင့် ဖြစ်၏။ ရေကျသွားသည့်အချိန်တွင် ကမ်းပါးသဲ သောင်ပြင်ပေါ်တွင် လျှောက်သွားကာ အစာရှာဖွေနေသော ကနန်းအုပ်ကို မြင်ရသည်မှာ အလွန် ရယ်စရာကောင်းသည်။ သောင်ပြင်ပေါ်တွင် ငါးသေတစ်ကောင်ရှိလျှင် ကနန်းသည် အလွန် အနံ့ခံကောင်းသည့်အတိုင်း ထိုနေရာသို့ ချက်ခြင်း ရောက်သွားသည်။ ပြိုင်ဖက်နှင့် တွေ့ပါက အလုအယက် ဝေစု ခွဲကြရာ တစ်ခါတစ်ရံ ကနန်းငယ်များမှာ အားကြီးသောကနန်း တို့၏ ကိုက်သတ် စားသောက်ခြင်းကိုပင် ခံကြရရှာသည်။

ကနန်းတွင် အမျိုးပေါင်းများစွာရှိ၍ အသေးငယ်ဆုံးသော ကနန်းကလေးမျိုးမှာ ခရုခွံ၊ ကမာခွံထဲတွင် ဝင်နေနိုင်လောက် အောင် သေးငယ်သည်။ ဂျပန်ပင်လယ်၌ တွေ့ရသော ပင့်ကူ ကနန်းကြီးများမှာမူ ကိုယ်အရှည် ၁၈ လက်မ၊ ပြက်အကျယ် ၁၂ လက်မခန့်အထိပင် ရှိတတ်သည်။ အမျိုးအစားအလိုက် ပြုမူ ကျင့်ကြံကြပုံ ချင်းလည်း မတူကြပေ။ အချို့က နန်းမျိုး သည် လူရိပ်လူယောင် တွေ့ရသည်နှင့် တပြိုင်နက် ကပျာကသီ တွင်းထဲသို့ ဝင်ရောက်ပုန်းအောင်း၍ နေတတ်သည်။ အချို့ကား နောက်ခြေထောက်များပေါ်တွင် မာန်ပါပါ ရပ်ပြီးသော် ယင်း တို့၏ သန်မာလှသော လက်မကြီးများဖြင့် ရန်သူကို အပြင်း အထန် ခုခံတတ်သည်။

ကနန်းတို့သည် များသောအားဖြင့် ရေထဲတွင်သာ နေလေ့ရှိ ကြသည်။ ကုန်းပေါ်၌ နေထိုင်ကျက်စားသော ကုန်းကနန်းများ ပင်လှျင် ဥအုချိန်တွင် ပင်လယ်သို့ထွက်ကြသည်၊ ရေနေကနန်း မျိုးသည် ပါးဟက်ဖြင့် အသက်ရှူကြ၍ ကုန်းကနန်းမျိုးတွင် ပါးဟက်အစား အသက်ရှူရန် အဆုတ်နှင့်တူညီသော အင်္ဂါ တစ်မျိုး ပါရှိသည်။ အချို့ကနန်းမျိုးမှာမူ ကုန်းရေနှစ်ဌာန စလုံးမှာပင် လွယ်ကူစွာ နေနိုင်ကြသည်။

ကနန်းပေါက်စကလေးများမှာ အမိအဖဖြစ်သော ကနန်းကြီး များနှင့် ပုံပန်းလုံးဝ မတူကြချေ။ မိခင်ကနန်းမကြီးသည် မိမိ ကိုယ်အောက်တွင် ဥများကိုကပ်၍ လုံခြုံစွာ သယ်ယူသွားလေ့ ရှိ၏။ သို့သော် ဥမှပေါက်ဖွား လာသော သားငယ်အပေါ်၌ တစ်စုံတစ်ရာ စိတ်ဝင်စားခြင်း မရှိတော့ဘဲ ပင်လယ်အောက် ခင်းပေါ်တွင် ထိုအတိုင်းပင် ပစ်ထားလေ့ရှိသည်။ ကနန်း ပေါက်စတို့၏ အရွယ်မှာ မီးခြစ်ဆံခေါင်းမျှ လောက်မျှသာရှိ၍ ယင်းတစ်ကောင်စီကို အလင်းပေါက် အရေခွံတစ်မျိုးဖြင့် ရစ်ပတ်ဖုံး အုပ်လျက်ရှိသည်။ ထိုအရေခွံကို ကနန်း ပေါက်စ လေးများသည် ချက်ခြင်းလိုလိုပင် ဆောင့်ကန် ရုန်းထွက် ပြီးနောက် ရေအောက်မြေပြင်မှ ရေပေါ်သို့ တက်လာကြသည်။

ကနန်းပေါက်စကလေးတို့သည် ကျယ်ဝန်းလှသော ရေ လောကတွင် ပျော်မဆုံးအောင် ကူးခတ်သွားလာ လျက်ရှိစဉ် များသောအားဖြင့် ငါးတို့၏ ပါးစပ်တွင်းသို့ သက်ဆင်းသွားကြ သည်။ ငါးမစားဘဲ အသက် ရှင်သန်နေသော ကနန်းကလေး များမှာ အကြိမ်ကြိမ် အရေလဲခြင်းဖြင့် တဖြည်းဖြည်း ကြီးမား လာကြသည်။ အတန်ငယ် ကြီးလာသောအခါ ကနန်းကြီး များနှင့် သဏ္ဍာန်တူလာ၍ ထိုအချိန်တွင် ရေမကူးတော့ဘဲ ရေတိမ်ရာအရပ်နှင့် ရေစပ်ကမ်းပါးသို့ ချဉ်းကပ်လာကြသည်။

ထိုအချိန်ကား ယင်းတို့အတွက် ဘေးအန္တရာယ် အများဆုံး အချိန် ဖြစ်တော့၏။ အချို့မှာ ဇင်ယော်ဗျိုင်းလင်းဝက် စသော ငှက်အမျိုးမျိုးတို့၏ ထိုးသတ်ခြင်းကို ခံရ၏။ အချို့မှာ ငါးနှင့်တကွ အခြားရေသတ္တဝါ အမျိုးမျိုးတို့၏ အစားကို ခံကြ ရ၏။ ယင်းတို့ အနက် ဇာတ်တူသားချင်း မရှောင်သော ကနန်းကြီးတို့၏ စားသောက်ခြင်းကို ခံရသည်မှာလည်း မနည်းပေ။

ကနန်းတို့သည် ငယ်ငယ်ကတည်းက အတိုက်အခိုက် ဝါသနာပါလာသည့်အတိုင်း မကြာခဏပင် ဒဏ်ရာ များရ တတ်သည်။ သို့သော် ခြေလက်တို့တွင် ဒဏ်ရာရပါက ထို ခြေလက်တစ်ခုလုံးကို ဖြုတ်ပစ်လိုက်၍ ထိုနေရာတွင် မကြာ မီပင် ခြေလက်အသစ် ပေါက်လာပြန်သည်။ ကနန်း၏ သွားပုံ လာပုံမှာလည်း အတော် ထူးဆန်း၏။ တွားသွားခြင်းလည်း မဟုတ်၊ ပြေးသွားခြင်းလည်း မဟုတ်ဘဲ ဘေးတိုက် ဂွကျကျ သွားတတ်သည်။ အချို့ကနန်းမျိုးတွင် လှေတက်နှင့်တူသော ခြေထောက်ပြားများပါရှိ၍ ယင်းတို့ဖြင့် ရေကောင်းစွာ ကူးနိုင် သည်။ အချို့ကနန်းမျိုးသည် ဟင်းသီးဟင်းရွက်ကို စားသောက် ခြင်းဖြင့် အသက်မွေးသည်။ အချို့က အခြားသတ္တဝါငယ် ကလေးများကို စားသောက်ခြင်းဖြင့် အသက်မွေးမြူကြသည်။ များသောအားဖြင့်ကား ဆွေးမြည့်နေသော အရာဝတ္ထုများကို စားသောက်ခြင်းဖြင့် အညစ်အကြေး အမှိုက်သရိုက်များကု သန့်ရှင်းစေသည်။

အချို့သော ကနန်းမျိုးတို့သည် မျိုးခြား သတ္တဝါတစ်ဦးနှင့် အတူတကွ နေထိုင်လေ့ရှိသည်။ လူသိ အများဆုံး အမျိုးမှာ ယောက်သွားခုံး၏ အခွံကြားထဲ၌ ဝင်ရောက်နေထိုင်ခြင်းဖြင့် ရန်သူ့ဘေးမှ အကာ အကွယ်ရယူသည်၊ ခုံးကောင်ကို အန္တရာယ်ဖြစ်စေမည့် သတ္တဝါများကိုတဖန် အဆိုပါ ကနန်းက ကာကွယ် ပေးသည်။ အချို့ကနန်းမျိုးမှာ သန္တာကောင်အုပ်စု တွင် ဝင်ရောက်နေထိုင်၏။ ပင့်ကူကနန်းကြီးမျိုးကမူ မိမိတို့၏ ကိုယ်ပေါ်တွင် ရေညှိ ရေမြှုပ် စသည်တို့ပေါက်ရောက်နေရန် တမင်ကြံဆောင် ပြုလုပ်ပြီးလျှင် မိမိနဂိုရုပ် မပေါ်အောင် ရုပ်ဖျက်ထားတတ်ကြသည်။ ဝင်ကစွပ်ကောင် (ဖင်နီဖင်စွပ်) ခေါ် ကနန်းမျိုးတမျိုးမှာ ငယ်ရွယ်စဉ်က အခြားကနန်းများ နည်းတူ ကြီးပြင်းလာသော်လည်း နောင်သော် ခရုခွံလွတ်များကို တစ်ခုပြီးတစ်ခု စမး်သပ်ပြီးနောက် မိမိကိုယ်နှင့် အံကိုက်သည့် အခွံကို တွေ့သောအခါ ကိုယ်နောက်ပိုင်းကို ထိုးသွင်း၍နေထိုင် လေ့ရှိသည်။ ထိုသို့ ကိုယ်တစ်ပိုင်းကို အခွံထဲသို့ ထိုးသွင်း နေထိုင်သည့်အလျောက် ကြာသော် ကနန်း၏ ဝမ်းပိုက်မှာ ပျော့ပျောင်းနူးညံ့လာကာ အခွံနှင့် အလိုက်သင့် ဝက်အူရစ်ပုံ ဖြစ်သွားလေသည်။

ကုန်းပေါ်တွင် လှည့်လည်ကျက်စားလေ့ရှိသော ကုန်းကနန်း မျိုးကို ပူအိုက်သော ဒေသတွင် တွေ့ရတတ်သည်။ ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်းကျွန်းများတွင် ထူးဆန်းသော ကနန်း တစ်မျိုးရှိသည်။ ယင်းမှာ ဓါးပြ ကနန်း သို့မဟုတ် အုန်း ကနန်းဟု ခေါ်သော ကနန်းမျိုးဖြစ်၏။ အုန်းကနန်း တို့သည် အုန်းသီးကို စားသောက် ၍ အုန်းပင်အတက်လည်း အလွန် ကျမ်းကျင်သည်။ အနောက်အိန္ဒိယကျွန်းစုတွင် ပင်လယ်မှ ၃ မိုင်ခန့် ဝေးသောအရပ်၌ နေထိုင်သည့် ကနန်းတစ်မျိုးမှာ နှစ် စဉ်နှစ်တိုင်း နွေကူးဥတု ရောက်လာသောအခါ ဥအုရန်အတွက် အုပ်စုဖွဲ့၍ ပင်လယ်သို့ ထွက်လေ့ရှိကြသည်။ ထိုအချိန်တွင် အထီးများက ရှေ့ဆောင်လာသော ကနန်းအုပ်ကြီးမှာ တစ်ခါ တစ်ရံ ပေ ၁၂ဝ မှျ ကျယ်၍ အလျားတမိုင်ခန့် ရှည်လျား သည်ဆို၏။ ယင်းတို့ ချီတက်ရာလမ်းတွင် လျိုမြောင်ချောက် ကမ်းပါး အိမ်ယာစသော အဆီးအတားများ ရှိစေကာမူ ဂရု မစိုက်ဘဲ လိုရာခရီးအရောက်ဖြစ်မြောက်အောင် သွားတတ် သည်ဟု သိရ၏။

ပုဇွန်၊ ကနန်းစသည်တို့မှာ 'ကရပ်စတေးစီး'ခေါ် မျိုးပေါင်း တွင် ပါဝင်သည်။ မျိုးခွဲပေါင်း ၅၀,၀၀၀ ခန့်ရှိသည်။ ထိုမျိုးပေါင်းတွင် အခွံမာ ဖုံးကာ အဆက် ပါသော ခြေလက်များပါရှိသည့် ကျောရိုးမဲ့သတ္တဝါများ ပါဝင် ပြီးလျှင် ယင်းတို့သည် များသော အားဖြင့် ရေသတ္တဝါများ ဖြစ်၍ ပါးဟက်များဖြင့် အသက်ရှူကြသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)