ကထိန်

ဝီကီပီးဒီးယား မှ
ကထိန်တော်အတွက် ပဒေသာပင်

[၁] (၁) အကျိုးအာနိသင် ၅-မျိုးကို ပေါင်းရုံး၍ ယူတတ်သော အမှု၊ အကျိုး ၅-မျိုးကို တပြိုင်နက် သိမ်းကျုံး ရရှိစေနိုင်သော ကထိန်။

(၂) (ဘုရားစသောပညာရှိတို့) ချီးမွှမ်းအပ်သော အမှု၊ ကထိန်။

(၃) သစ်ပင်ကြီးကဲ့သို့ မြဲမြံခိုင်ခံ့ခြင်း သဘောရှိသော ကထိန်။

(၄) ကထိန်ခင်းခြင်း။ [၂]

“ကထိန်” ဟူသည် ပြဆိုခဲ့သည့်အတိုင်း အကျိုးပေး မြဲမြံခိုင်ခံ့သောအလုပ်, အကျိုး ၅-ချက်ကို တပြိုင်နက်တည်း ပေါင်းရုံး သိမ်း ကျုံး၍ ရရှိစေနိုင်သောအလုပ်, ဘုရားစသော ပညာရှိတို့ ချီးမွမ်းအပ်သော အလုပ်ပင် ဖြစ်သည်၊ သင်္ကန်းဖြတ်ချုပ်, ဆိုးခြင်း, လှူခြင်း, ခင်းခြင်း စသော ကထိန်မှုနှင့် စပ်သမျှ အရာအားလုံးကိုခြုံ၍ ခေါ်ဝေါ်သုံးနှုန်းအပ်သော ဝေါဟာရ သမူဟပညတ်မျှသာ ဖြစ်သည်။ [၃][၄]

ရှေးဘုရားရှင်လက်ထက် ကထိန်[ပြင်ဆင်ရန်]

ထိုကထိန်ခင်းခြင်းသည် ရှေးဘုရားရှင်တို့ လက်ထက်တော်ကပင် ရှိခဲ့သည်၊ ဒီပင်္ကရာမှ စ၍ ရေတွက်သော် ရှစ်ဆူမြောက် ပဒုမဘုရားရှင်လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ကို တွေ့ ရ၏၊ အလှူရှင်တို့ကား ဥသဘဝတီ မြို့သူ မြို့သားတို့ ဖြစ်ကြသည်၊ ကထိန်အလှူခံ၍ ခင်းသော ပုဂ္ဂိုလ်ကား အဂ္ဂသာဝက သာလထေရ်တည်း၊ ရဟန်းတို့ကား ကထိန်သင်္ကန်း ချုပ်လုပ်ရာ၌ ထိုမထေရ်အား ဝိုင်းဝန်းကူညီကြ၏၊ ဘုရားရှင်ကိုယ်တော်တိုင်ပင် အပ်ချည်ကို အပ်ပေါက်၌ ထိုးသွင်း၍ (အပ်နဖားထိုး၍) ပေးတော်မူခဲ့သည်။ [၅]၌ ပဒုမုတ္တရ ဘုရားရှင်လက်ထက် အဂ္ဂသာဝက သုဇာတထေရ် ကထိန်ခံကြောင်း လာသည်၊ ဗုဒ္ဓဝံ၊ဋ္ဌ၊ပဒုမုတ္တရ ဗုဒ္ဓဝင်အခန်း၌ ယင်းအကြောင်း မတွေ့၊ သာမန် ဆွမ်း သင်္ကန်းအလှူအကြောင်းသာ တွေ့ရသည်။) [၄]

ကထိန်နှင့် စပ်ဆက်နေသော ညီနောင်သုံးကျိပ်[ပြင်ဆင်ရန်]

ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲတော်စပ်သည့် ညီတော်နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမ တစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးလေ၏။ မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံရှာဖွေလေသည်။[၆]

မင်းသားတို့နှင့် မြတ်စွာဘုရားတွေ့ကြပုံ[ပြင်ဆင်ရန်]

ထိုအခါကာလသည် မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူသည်။ ထို့နောက် တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်သည်။ လိုက်လံရှာဖွေနေစဉ် မင်းသားသုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားကာ အနားသို့ ချဉ်းကပ်ပြီး “ အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား ” ဟုမေးသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံရှာဖွေနေကြသလဲ ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို ပြောလေသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ (၁) ပျောက်သွားတဲ့ မိန်းမကိုရှာခြင်း (၂) မိမိကိုယ်ကို ရှာခြင်း စသည့် ရှာခြင်းနှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ ” မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကိုရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား တရားဟောတော်မူလေ၏။ ပထမ အနုပုဗ္ဗီကထာတရား (၄) ပါးကို ဟောတော်မူ၏။ ထို့နောက် သာမုက္ကံသိက တရားဖြစ်သည့် သစ္စာလေးပါးတရားကို ဟောတော်မူ၏။ တရားဆုံးတော်မူသောအခါ မင်းသားတို့တွင် အချို့သည် သောတာပတ္တိမဂ်ဖိုလ်၊ အချို့သည် သကဒါဂါမိမဂ်ဖိုလ် တို့ကို အသီးသီး ရရှိသွားကြ၏။[၆]

မင်းသားများ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြပုံ[ပြင်ဆင်ရန်]

မင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန်လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာ ရှစ်ဖြာပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူ၏။ ရဟန်းတော်တို့သည် အရညကင်ဓုတင်ပိဏ္ဍပါတ်ဓုတင်ပံ့သုကူဓုတင်တိစီဝရိတ်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူ ကြလေသည်။[၆]

သာဝတ္ထိမြို့သို့ ခြေလျင်ခရီး[ပြင်ဆင်ရန်]

အခါတပါး၌ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူ၏။ ရဟန်းတို့သည် သာဝတ္ထိသို့ရောက်ရန် လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာ၏။ ထို့ကြောင့် သာဝတ္ထိသို့ အရောက်ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူ၏။ မင်းသားတို့ ဝါကပ်တော်မူရာ သာကေတသည် မြတ်စွာဘုရားသီတင်းသုံးတော်မူနေသည့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာသာ ဝေးတော့၏။ ထိုသို့ အနီးအနားတွင် သီတင်းသုံးရသော်လည်း မြတ်စွာဘုရားကို မဖူးမြော်ရလေခြင်းဟု ရဟန်းတော်တို့သည် တွေးတောကာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော် မူရလေသည်။[၆]

သာဝတ္ထိမြို့သို့ ခရီးဆက်ခြင်း[ပြင်ဆင်ရန်]

ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့တွင် မဟာပဝါရဏနေ့တွင် ပဝါရဏာပြုပြီးလျှင် သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ ထိုအချိန်သည် မိုးကာလ ဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာလွယ်၍ ဝန်စည် စလွယ်များဖြင့် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြသည်။

မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်း သုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း ပြောကြားလေသည်။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်ဖိုလ်၊ အရဟတ္တဖိုလ် ကိုရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။[၆]

ကထိန်ခင်းရန် ခွင့်ပြုခြင်း[ပြင်ဆင်ရန်]

ရဟန်းတော်များ ပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် “ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤရဟန်းတော် သုံးဆယ်တို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်၊ ဧကသီဟူသော နှစ်ထည်သော သင်္ကန်းဖြင့် လာမည်ဆိုပါက ဤကဲ့သို့ ပင်ပန်းမည်မဟုတ်။ ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့သည်” ဟုကြံစည်တော် မူလေသည်။ ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ “ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏” ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ဤသို့ဖြင့် ကထိန်ခင်းခြင်း ဖြစ်ပေါ်လာသည်။[၆]

ကထိန်ခင်းရန် လိုအပ်ချက်များ[ပြင်ဆင်ရန်]

ကထိန်ခင်းရန် ခွင့်ပြုသော ရက်ပိုင်းကား သီတင်းကျွတ် လပြည့်ကျော် ၁-ရက်မှသည် တန်ဆောင်မုန်းလပြည့်ထိ ၁-လသာတည်း။

ကထိန်ခင်းခြင်း ဝိနည်းကံကို ကထိန်ခင်းသူနှင့်တကွ ၅-ပါးရှိမှ ဆောင်ရွက်နိုင်သည်၊[၄]

ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။

ကထိန်သင်္ကန်းအား ဉတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

သင်္ကန်းသုံးမျိုး[ပြင်ဆင်ရန်]

ကထိန်ခင်းရန်အတွက် ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုး ရှိသည်။

  1. သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး
  2. ဥတ္တရာသင်္ဂ- ကိုယ်ဝတ်ခေါ် ဧကသီ
  3. အန္တရဝါသက- ခါးဝတ်ခေါ် သင်းပိုင်

သံဃာကို ရည်ညွှန်းလှူသော သင်္ကန်းကို (ခံ)[ပြင်ဆင်ရန်]

ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင် အမိအဖကိုပင်သော်လည်း မည်သည့် ဥပါယ်နှင့်မျှ မတောင်းအပ်၊ အလှူမခံရ။ သဒ္ဓါ အလျောက် ဖြစ်ပေါ်လာမှ ခင်းရသည်၊ သင်္ကန်းကို လှူသောအခါလည်း ပုဂ္ဂိုလ်ကို မရည်ညွှန်းရ၊ “ဣမံ ကထိနစီဝရံ သံဃဿ ဒေမ”ဟု ဆို၍ သင်္ကန်းတစ်ထည်ကို ဖြစ်စေ အများကို ဖြစ်စေ သံဃာကို ရည်ညွှန်းလှူဒါန်းမှ ကထိန်အရာ မြောက်သည်၊ [၄]

သံဃာ့အစည်းအဝေး၌ ကထိန်သင်္ကန်း ခံယူမည့်ရဟန်းကို (ရွေး)[ပြင်ဆင်ရန်]

သံဃာ့ အစည်းအဝေး၌ သင်္ကန်းရှားပါးသူကို ရွေးချယ်၍ ကထိန်သင်္ကန်းကို ထိုသူအား ခံယူစေရသည်၊ ထိုပုဂ္ဂိုလ်မျိုး မရှိလျှင် သို့မဟုတ် အားလုံး သင်္ကန်းရှားပါးသူချည်းဖြစ်လျှင် သီတင်းကြီး (ဝါကြီး)ပုဂ္ဂိုလ်အား ခံယူစေရသည်၊ ကထိန် ခံယူ၍ ခင်းမည့်ပုဂ္ဂိုလ်သည် ကထိန်သင်္ကန်း နှင့်စပ်သော အင်္ဂါ ၈-ပါးကို သိနားလည်ရ၏၊ [၄]

ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါး[ပြင်ဆင်ရန်]

၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာ ကထိန်ခင်းထိုက်သည် ဆို၏။

  1. ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊
  2. ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
  3. အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
  4. အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
  5. မာတိကံ- မာတိကာကို သိထားရခြင်း၊
  6. ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
  7. ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကိုသိထားရခြင်း၊
  8. အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။

ဉာတ်ကထိန်သင်္ကန်းကို (ပေးနှင်း)[ပြင်ဆင်ရန်]

ထိုပုဂ္ဂိုလ်အား ကထိန်ခင်းမည့် သင်္ကန်း (ဒုကုဋ်, ဧကသီ, သင်းပိုင်တို့တွင် တစ်ခုခု)ကို ဉတ္တိ ဒုတိယကမ္မဝါစာဖြင့် ဗဒ္ဓသိမ်အတွင်းသာ သံဃာက ပေးအပ်ရသည်၊ (ယင်းသို့ ဉတ်ကမ္မဝါစာဖြင့် ပေးအပ်ရသည်ကို စွဲ၍ “ဉတ်ကထိန်”ဟု ခေါ်ကြသည်။) [၄]

အဓိဋ္ဌာန် သင်္ကန်းဟောင်းကို (စွန့်)[ပြင်ဆင်ရန်]

ခင်းသောအခါ ကျောင်းဥပစာတွင်း မည်သည့်နေရာ၌ မဆို ခင်းနိုင်သည်၊ ကထိန်ခံယူသူ (ဝါ)ခင်း သူသည် ယခင်ရှိနှင့်ပြီး သင်္ကန်းကို ပစ္စုဒ္ဓိုရ်ပြု(စွန့်ပယ်) ရသည်၊ [၄]

ကပ္ပဗိန္ဒု (ထိုး)ခြင်းနှင့် အဓိဋ္ဌာန် (တင်)ခြင်း[ပြင်ဆင်ရန်]

သင်္ကန်းသစ်ကို ကပ္ပဗိန္ဒု (အမှတ်အသား) ရေးထိုး၍ အဓိဋ္ဌာန် (မိမိပိုင်သင်္ကန်းဟု မှတ်ယူခြင်း) ပြုရသည်၊ သင်္ကန်းဖျင် ဖြတ်ခြင်းအစ ကပ္ပဗိန္ဒုထိုးခြင်း အဆုံး ၇-ပါးသော ပုဗ္ဗကရဏ (ရှေးဦးပြုလုပ်ခြင်း)ကို ကထိန်မှု၏ အစဟု ခေါ်၍ ယင်း ပစ္စုဒ္ဓိုရ် အဓိဋ္ဌာန်ပြုခြင်းကို အလယ်ဟု ခေါ်သည်၊[၄]

ကထိန် (ခင်း) ခြင်း[ပြင်ဆင်ရန်]

“ဣမာယ သံဃာဋိယာ (ဥတ္တရာသင်္ဂေန...အန္တရဝါသကေန ...) ကထိနံ အတ္ထရာမိ” ဟု ရွတ်ဆို၍ ခင်းပြီးလျှင် “အတ္ထတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ”ဟု သံဃာ့ အစည်းအဝေး၌ နှုတ်မြွက် ပြောဆိုရသည်၊ [၄]

အ(နုမောဒါ)ပြုခြင်း[ပြင်ဆင်ရန်]

ထိုအခါ ကျန်သံဃာတို့က “အတ္ထတံ...အနုမောဒါမ”ဟု တုံ့ ပြန်နှုတ်မြွက်၍ အနုမောဒနာ ပြုကြရသည်၊ ယင်းသို့ နှုတ်မြွက်ပြောဆိုရခြင်းကိုပင် “ခင်းခြင်း(အတ္ထရဏ)”ဟုခေါ်သည်၊ (အာနိသင်ကို ဖြန့်ပေးသည်ဟုလည်း ပြောဆိုကြသည်။) ထိုသို့ နှုတ်မြွက်၍ ခင်းခြင်းကိုပင် ကထိန်မှု၏ ပြီးဆုံးခြင်းဟု ခေါ်သည်။ [၇][၄]

ကထိန်အာနိသင် ၅-ပါး[ပြင်ဆင်ရန်]

ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး၅-ပါးဖြစ်သည်။

  • (၁) အနာမန္တစာရ = ဒါယကာက ရဟန်းတို့အား မအပ်စပ်သော အသုံးအနှုန်းဖြင့် ဆွမ်းဖိတ်သော်လည်း အနီးရှိ ရဟန်းတို့ကို မပန်ကြား မပြောဆိုပဲ ရွာတွင်းသို့ သွားနိုင်ခြင်း။ (စာရိတ္တသိက္ခာပုဒ် ဝိ၊၂၊၁၃၄-အရ ပါစိတ်အာပတ် မသင့်နိုင်။)
  • (၂) အသမာဒါနစာရ = တိစီဝရိက် အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူဆောင်ပဲ သွားလိုရာ လှည့်လည် သွားလာနိုင်ခြင်း၊ ထိုသင်္ကန်းနှင့် ညဥ့်ကင်း၍ (ညစဉ် အနီးအနား၌ မဆောင်ထားပဲ) နေနိုင်ခြင်း။ (ဒုတိယကထိနသိက္ခာပုဒ် ဝိ၊၁၊၂၉၇-အရ နိဿဂ္ဂိယ-ပါစိတ်အာပတ် မသင့်နိုင်။)
  • (၃) ယာဝဒတ္ထစီဝရ = ရရသမျှ သင်္ကန်းတို့ကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုပဲ အလိုရှိသလောက် ထားရှိ သုံးဆောင်နိုင်ခြင်း။ (ပဌမ ကထိနသိက္ခာပုဒ် ဝိ၊၁၊၂၉၇-အရ ၁၀-ရက် ထက်ကျော်လွန်သော်လည်း နိဿဂ္ဂိယပါစိတ် အာပတ်မသင့်နိုင်။)
  • (၄) ဂဏဘောဇန = မအပ်စပ်သော တောင်းခံခြင်း ပင့်ဖိတ်ခြင်းမျိုးဖြင့် တောင်းခံ ပင့်ဖိတ်အပ်သော ဆွမ်းကိုလျက် ၄-ပါး, ၄-ပါးထက်အလွန် စုပေါင်း ခံယူစားနိုင်ခြင်း၊ (ဘောဇနဝဂ် ဒုတိယသိက္ခာပုဒ် ဝိ၊၂၊၁၀၁-အရ ပါစိတ်အာပတ် မသင့်နိုင်။ ယင်းဝဂ် တတိယသိက္ခာပုဒ်အရလည်း မသင့်နိုင်။)ဂဏဘောဇနနှင့် ပရမ္မရဘောဇန-တို့လည်းကြည့်။
  • (၅) ယော စ တတ္ထ စီဝရုပ္ပါဒ = ကထိန် ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကို ကထိန်ခင်းသော ရဟန်းတို့သာ သုံးစွဲခွင့် ရနိုင်ခြင်းတို့ ဖြစ်၏။ [၈][၄]

ကထိန် အာနိသင်ရသောရဟန်းနှင့် အချိန်ကာလ[ပြင်ဆင်ရန်]

ယင်းအကျိုး ၅-ပါးကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက်၍ အနုမောဒနာပြု (သာဓုခေါ်)သော ရဟန်းတို့ ကထိန်ခင်းသောနေ့မှသည် တပေါင်းလပြည့်တိုင်အောင် ခံစားရသည်။ (ဝါကျိုးပြတ်သူ, ပစ္ဆိမ ဝါကပ်သူနှင့် အခြားကျောင်းတိုက်၌ နေသူများ ထိုအကျိုး ၅-မျိုးကိုမရ၊ သို့ရာတွင် ကထိန် မခင်းသော်လည်း သင်္ကန်းကာလ (သီတင်း ကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်း လပြည့်အထိ ၁-လ)အတွင်း၌ အသမာဒါနစာရမှ တစ်ပါး ကျန် ၄-မျိုးကိုကား ရနိုင်သည်။[၉]) [၄]

ကထိန်မြောက်သော သင်္ကန်းများ[ပြင်ဆင်ရန်]

  • အဟတေန အတ္တတံ ဟောတိ ကထိနံ-သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
  • အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ-ဘယ်သင်္ကန်း၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
  • အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ-ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
  • အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ-မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
  • အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
  • အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။
  • ပဥ္စကေန ဝါ အတိရေကပဥ္စကေန ဝါ တဒဟေဝ သဥ္ဆိန္နေန သမဏ္ဏလီကတေန အတ္ထတံ ကထိနံ။-ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။[၁၀]

ကထိန် မမြောက်သော သင်္ကန်းများ[ပြင်ဆင်ရန်]

  • န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ-နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်ခင်းသည် မမည်။
  • န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ-ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။
  • န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ-ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
  • န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ-ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
  • န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
  • န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
  • န အညတြ ပဥ္စကေန အတိရေကပဥ္စကေန ဝါ တဒဟေဝ သဦ္ဆန္နေန သမဏ္ဏလီကတေန အတ္ထတံ ဟောတိ ကထိနံ-ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။[၁၀]

ကထိန်နုတ်ခြင်း, ကထိန်ပျက်ပြယ် ခြင်း[ပြင်ဆင်ရန်]

ဤ၌ ကထိန်နုတ်ခြင်း, ကထိန်ပျက်ပြယ် ခြင်းကိုလည်း မှတ်သားအပ်၏၊ ယင်းသည် အင်္ဂါ ၈-ပါး ရှိသည်၊ ကထိန်ပျက်ပြယ်ခြင်း ၈-မျိုးဟု ဆိုလိုသည်။ (၈-ပါးကို ဝိ၊၃၊၃၅၃-စသည်၌ ကြည့်။) ကထိန်ကို ကမ္မဝါစာရွတ် ဖတ်၍ နုတ်သိမ်းခြင်း (သဟုမ္ဘာရ)သည် ကထိန်ပျက်ပြယ်ခြင်း ၈-မျိုးတွင် တစ်ခုအပါ အဝင် ဖြစ်၏၊ (အန္တရုဗ္ဘာရ-လည်း ကမ္မဝါဖြင့်ပင် နုတ်ခြင်း ဖြစ်သည်။ ဝိ၊နိစ္ဆယ၊ဋီ၊၁၊၃၄၁။ ပက္ကမနန္တိကာ-စသော ၇-မျိုးကား ကမ္မဝါဖြင့် နုတ်ရန်မလို၊ စီဝရ, အာဝါသပလိဗောဓ ၂-ပါးပြတ်၍ ကထိန်အာနိသင် ပျက်ပြယ်ခြင်းသာ ဖြစ်သည်။)

ကထိန်နုတ်ခြင်းဟူသည် ခင်းခြင်းအမှုကိုသာ ရုပ်သိမ်းခြင်းဖြစ်သည်။ (ကထိန်သင်္ကန်း ပေးသော ဉတ်ကမ္မဝါကို နုတ်ပယ်ခြင်းကား မဟုတ်။) ထိုသို့ နုတ်လိုက်သဖြင့် အာနိသင်များ ပျက်ပြယ်သွားကြတော့၏၊ နောက်ထပ် သံဃာအား ရည်ညွှန်း၍ ဖြစ်ပေါ်လာသမျှ သင်္ကန်းတို့လည်း ကျောင်းတွင်းရှိ ပုရိမဝါ ကပ်သော သံဃာသာမက ပစ္ဆိမဝါကပ်သူ, ဝါကျိုးပြတ်သူ စသော ရောက်ရောက်သမျှ သံဃာအားလုံးနှင့် ခွဲခြမ်းဝေဖန် ထိုက်ကုန်၏၊ သဗ္ဗသံဃိက ဖြစ်တော့သည်၊ ကထိန် နုတ်ခွင့် ပြုတော်မူခြင်းမှာလည်း ယင်းသို့ သံဃာအားလုံး လာဘ်လာဘ မျှတစွာ ရရှိစေရန် တောင်းပန် လှူဒါန်းသူ ရှိမှသာ ကထိန်ကို နုတ်ပေးရသည်၊ တောင်းပန်စေကာမူ နောက်ရမည့် လာဘ်လာဘသည် ကထိန် အာနိသင်လာဘ်ထက် ပိုလွန် များပြားပါမှ သို့မဟုတ် ညီမျှပါမှ နုတ်ရသည်၊ နောက်ထပ်တစ်ကြိမ် ပြန်၍ခင်းရန် နုတ်ရသည်ကား မဟုတ်၊ သံဃာအားလုံး လာဘ်မျှစေရန်သာ ဖြစ်သည်၊ ကထိန်ဒါယကာ ၂-ဦး ပေါ်ပေါက် ရာ၌ပင် လာဘ်များသူ၏ သင်္ကန်းကိုသာ ခံယူ ခင်း၍ ကျန်တစ်ဦးအား အဆုံးအမ ဩဝါဒ ပေးကာ နှစ်သိမ့်စေရသည် [၁၁] ဖြစ်ရာ ထပ်မံခင်းရန် နုတ်ခြင်းမဟုတ်ကြောင်း ထင်ရှားသည်။ နုတ်၍ နုတ်၍ ခင်းလျှင်လည်း ထိုပုရိမဝါကပ်သော သံဃာချည်းသာ လာဘ်ရ၍ နုတ်ရကျိုးမရှိ၊ ဝိနည်းခွင့်ပြုချက်လည်း မလာရှိချေ။[၁၂][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ကထိန (န) [အနိပ္ဖန္နပါဋိပဒိက ရုဠှီပုဒ် ဖြစ်၍ ဓာတ်ပစ္စည်း မဝေဖန်ရ၊ အနက်အားလျော်စွာ ခွဲဝေသော် ကထ+ဣန၊ ကတ္ထ+ဣန၊ ကဌိန+ဏ။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၉၀-၉၂။ ကင်္ခါ၊ မဟာဋီ။ ၁၈။] မြဲမြံခိုင်ခံ့ခြင်း၊ ကထိန်။
  2. အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ။ ဝိ၊၃၊၃၅၂။ ကထိနန္တိ ပဉ္စာနိသံသေ အန္တောကရဏသမတ္ထတာယထိရန္တိ အတ္ထော။ ဝဇိရ၊၄၈၈။ သာရတ္ထ၊၃၊၃၃၅။ ဝိမတိ၊၂၊၁၉၃။ (၁) ကထ သင်္ဂဟဏေ...ပဉ္စာနိသံသေ အညတ္ထ ဂန္တုံ အဒတွာ သင်္ဂဏှာတိ။ ဝိနယာလင်္ကာရဋီ၊၂၊၉၀။ (ကင်္ခါ၊ဋီ၊သစ်၊၂၇၃။ ကင်္ခါ၊မဟာဋီ၊၁၈။) (၂) အထ ဝါ ကထီယတေ သိလာဃတေ ပသံသီယတေ ဗုဒ္ဓါဒီဟီတိ ကထိနံ။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၉၂။ (ဝိ၊ဋ္ဌ၊၃၊၃၉၀။ ကင်္ခါ၊ မဟာဋီ၊၁၈။) (၃) အထ ဝါ ကဌတိ ကိစ္ဆေန ဇီဝတီတိ ကထိနော၊ ရုက္ခော၊ တဿ ဧသောတိ ကထိနော၊ ထိရဘာဝေါ၊ သော ဧတဿ အတ္တီတိ ကထိနံ။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၉၂။ (ကင်္ခါ၊ မဟာဋီ၊၁၈။) (၄) အဋ္ဌိမာ ဘိက္ခဝေ မာတိကာ ကထိနဿ ဥဗ္ဘာရာယ၊ ဝိ၊၃၊၃၅၃။ ကထိနဿာတိ ကထိနတ္ထာရဿ။ ဝဇိရ၊၄၉၂။
  3. (ဝိ၊၅၊၃၀၈။ ဝိ၊ဋ္ဌ၊၄၊၂၁၄။ ဝိမတိ၊၂၊၃၀၄။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၈၉။)
  4. ၄.၀၀ ၄.၀၁ ၄.၀၂ ၄.၀၃ ၄.၀၄ ၄.၀၅ ၄.၀၆ ၄.၀၇ ၄.၀၈ ၄.၀၉ ၄.၁၀ ၄.၁၁ ၄.၁၂ တိပိဋကအဘိဓာန် အတွဲ-၅
  5. ဗုဒ္ဓဝံ၊ဋ္ဌ၊၂၁၃-၄။ (ဝိ၊ဋ္ဌ၊၃၊၃၉၀-
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ ၆.၅ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် အရှင်ဝိဇယာလင်္ကာရ။ ကထိန်အကြောင်းသိကောင်းစရာ
  7. (အကျယ်ကို ဝိ၊၃၊၃၅၁-၃၇၆။ ဝိ၊၅၊၃၀၂-၃၁၀။ ယင်းတို့၏ ဋ္ဌ, ဋီနှင့် ဝိနယာလင်္ကာရ ဋီ၊၂၊၈၉-၁၄၈။ တိပေဋကဝိနိစ္ဆယ၊၂၊၃၅၆-၇-ကြည့်။)
  8. (ဝိ၊၃၊၃၅၁-၂။ ဝိ၊ဋ္ဌ၊၃၊၃၈၈။)
  9. ကင်္ခါ၊ဋီ၊သစ်၊၂၇၈။
  10. ၁၀.၀ ၁၀.၁ (မဟာဝဂ္ဂပါဠိတော်၊ စာမျက်နှာ ၃၅၃)
  11. (ဝိ၊ဋ္ဌ၊၃၊၃၈၉)
  12. (အကျယ်ကို ဝိ၊၂၊၃၇၇။ ဝိ၊ဋ္ဌ၊၃၊၂၀၈။ ဝိနယာလင်္ကာရ၊ဋီ၊၂၊၁၄၆-၇ နှင့် ကင်္ခါ၊ ဂဏ္ဌိ (ချောင်းကောက်မူ) ၁၈၇-၈။ ဝိသုဒ္ဓါရုံအဆုံးအဖြတ် (အပုနကထိနတ္ထာရ-ဝိနိစ္ဆယ) ၄၃-၅-တို့ ကြည့်။)