ကစ်ချနာအိပ်၊ အိပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗြိတိသှျ ဗိုလ်ချုပ်မှူး လော့ကစ်ချနာ

ကစ်ချနာအိပ်၊အိပ် (ခရစ် ၁၈၅ဝ-၁၉၁၆)[ပြင်​ဆင်​ရန်​]

ခါတွမ်းစားလော့ ကစ်ချနာ ဘွဲ့အမည်ရသည့် ဗြိတိသျှစစ်သူကြီးကား သေချာစွာ ကြိုတင်ပြင်ဆင်၍ နိုင်လောက်သည့်အခြေရောက်မှ ရန်သူကို တိုက်လေ့ရှိသူဖြစ်၏။ ထိုကြောင့် တိုက်ပွဲများတွင် အောင်မြင် သည်သာများခဲ့သဖြင့်၊ ဗြိတိသျှလူထုက သူ့အား 'အောင်ပွဲများ စီစဉ်ပေးနိုင်သူ'ဟု ချီးကျူးကြလေသည်။

ဟိုရေးရှိုးဟားဗတ်ကစ်ချနာသည် စစ်သားမျိုးရိုးမှ ဆင်း သက်လာသူဖြစ်၏။ ဖခင်ဖြစ်သူမှာ ဒုဗိုလ်မှူးကြီးတစ်ဦး ဖြစ်သည်။ အင်္ဂလိပ်လူမျိုးပင်ဖြစ်သော်လည်း အိုင်ယာလန် ပြည်တွင် ၁၈၅ဝ ပြည့် ဇွန်လ ၂၄ ရက်နေ့၌ ဖွားမြင်ခဲ့၏။ ၁၈၆၈ ခုနှစ်၌ ဝူးလစ်မြို့ ဘုရင့်စစ်တက္ကသိုလ်တွင် စစ်ပညာ သင်ယူခဲ့ပြီးနောက်၊ ဘုရင့်အင်ဂျင်နီယာတွင် စတင်အမှုထမ်း ခဲ့သည်။ ၁၈၇၇ ခုနှစ်တွင် ဒုဗိုလ်အဖြစ်ခန့်ထားခြင်းခံရသည်။ ထိုသို့ခန့်ထားခြင်းမခံရသေးမီက ပြင်သစ်-ပရပ်ရှားစစ်ပွဲ၌ မိမိ သဘောအလျောက် ပြင်သစ်ဖက်မှ ပါဝင်ကူညီတိုက်ခိုက်ခဲ့၏။ ထိုပြင် ဗြိတိသျှစစ်တပ်သို့ဝင်စက ပါလက်စတိုင်းပြည်နှင့် စိုက်ပရပ်ကွျန်းတို့တွင် အမှုထမ်းဘူးလေသည်။

၁၈၈၂ ခုနှစ်မှ ၁၈၉၂ ခုနှစ်အထိ အီဂျစ်စစ်တပ်များကို ပြန်လည်ဖွဲ့စည်းရေးတွင် ကူညီဆောင်ရွက်ခဲ့သည်။ ၁၈၉၂ ခုနှစ် တွင် အီဂျစ်စစ်တပ်များ၏သေနာပတိဖြစ်လာပြီးသည့်နောက်တွင် ဗိုလ်မှူးချုပ်ဂေါ်ဒွန်တို့အား ခါတွမ်း၌ တပ်လုံးပြုတ်အောင် တိုက်ခိုက်ခဲ့သော မာဒီစော်ဘွား၏အဆက်အနွယ် သူပုန်များကို နှိမ်နင်းရန် သေချာစွာအစီအစဉ်များပြုလုပ်ခဲ့သည်။ ၁၈၉၆ ခု နှစ်မှစ၍ ထိုသူပုန်များနှင့်တိုက်ခိုက်ခဲ့ရာ၊ အောင်ပွဲများ ဆက် ကာဆက်ကာရခဲ့၍ ၁၈၉၈ ခု စက်တင်ဘာလတွင် ခါတွမ်းမြို့ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုကြောင့်ကစ်ချနာအား ဗြိတိသျှအစိုးရက ခါတွမ်းစားဘွဲ့ဖြင့် ဗဲရွန်အဆင့်အတန်း ပေးအပ်ချီးမြှင့်ခဲ့သည့်ပြင် ဆုတော်ငွေပေါင်း ၃ဝဝဝဝကိုလည်း ပေးခဲ့၏။

၁၈၉၉ ခုနှစ်တွင် ဗိုးဝါးစစ်ပွဲဖြစ်ပွားသောအခါ ကစ်ချနာမှာ သေနာပတိလော့ရောဗတ်၏ဦးစီးချုပ်အဖြစ် ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရပြန်သည်။ လော့ကစ်ချနာ၏အချက်ကျကျနှင့် စေ့စပ်ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနိုင်မှုကြောင့်၊ ၁၉ဝဝ ပြည့် နှစ်ခန့်တွင် ဗိုးဝါးလူမျိုးတို့၏ မြို့တော် ၂ မြို့လုံးကို ဗြိတိသျှ တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။ ထိုနောက်မကြာမီ လော့ရော ဗတ်၏ရာထူးကို ကစ်ချနာဆက်ခံရလေသည်။ ဆိုခဲ့သည့် အတိုင်း ဗိုးဝါးတို့၏မြို့တော်များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗိုးဝါးတို့သည် ပြောက်ကျားစံနစ်ဖြင့် ဆက်လက် ခုခံနေလျက် ပင်ရှိသေး၍၊ ထိုစစ်ပွဲများကို အောင်မြင်စွာဆုံးခန်းတိုင် တိုက်ခိုက်ရန်မှာ ကစ်ချနာအဖို့ ကြီးလေးသောတာဝန်ကြီး ဖြစ် လေသည်။ သို့သော် ကစ်ချနာသည် အထူးကြိုးစားပြီးလျှင် အရေးပါသောမြို့ကြီးများ၊ ဒေသများကို၄င်း၊ သယ်ယူပို့ဆောင် ရေးများကို၄င်း၊ ဗိုးဝါးပြောက်ကျားတို့ ထိရောက်စွာ မနှောင့် ယှက်နိုင်အောင် အမျိုးမျိုးအဖုံဖုံစီမံဆောင်ရွက်ခဲ့သည်။

ထိုကြောင့် ဗိုးဝါးတို့၏ပြောက်ကျားစံနစ်မှာ အရာမရောက် တော့ဘဲ၊ ၁၉ဝ၂ ခုနှစ်တွင် ဗိုးဝါးစစ်ပွဲပြီးဆုံးသွားလေသည်။ ကစ်ချနာသည် ဗိုင်းကောင့်အဆင့်အတန်းသို့ တိုးမြှင့်ခြင်းခံရ သည့်ပြင် ဆုတော်ငွေပေါင်း ၅ဝ,ဝဝဝ ကိုလည်း ပေးသနားခြင်း ခံခဲ့ရလေသည်။

ဗိုးဝါးစစ်ပွဲပြီးဆုံးသည့်နောက် မကြာမီပင်၊ လော့ကစ်ချနာမှာ အိန္ဒိယပြည်စစ်တပ်များ၏ သေနာပတိအဖြစ် ခန့်ထားခြင်းခံရ ၏။ ထိုရာထူးတွင် ၁၉ဝ၇ ခုနှစ်တိုင်ထမ်းရွက်ခဲ့၍ အိန္ဒိယပြည် စစ်တပ်များကို ပြုပြင်ဖွဲ့စည်းပေးခဲ့သည်။ ထိုနောက် ရာထူး သက်တမ်းစေ့သည့်အခါ ဩစတြေးလီးယား၊ နယူးဇီလန်စသော ဗြိတိသျှဒိုမီနီယန်နိုင်ငံများမှစစ်တပ်များကို လှည့်လည်ကြည့်ရှု ခဲ့၍၊ ဒိုမီနီယန်နိုင်ငံများ၏ကာကွယ်ရေးအစီအစဉ်များကို ရေးဆွဲ ပေးခဲ့လေသည်။ ၁၉၁၁ ခုနှစ်မှစ၍ ကိုင်ရိုမြို့တွင် ဗြိတိသျှ အစိုးရ၏ကိုယ်စားလှယ်တော်အဖြစ် ၃ နှစ်မျှဆောင်ရွက်ရ ပြန်သည်။

၁၉၁၄ ခုနှစ်တွင် ပဌမကမ္ဘာစစ်ဖြစ်ပွားသောအခါ လော့ကစ် ချနာမှာ စစ်ဝန်ကြီးအဖြစ်ခန့်ထားခြင်းခံရ၏။ စစ်ဝန်ကြီးအဖြစ် ထမ်းဆောင်ရသည့်တာဝန် ဝတ်တရားမှာ သေးငယ်လှသည် မဟုတ်ပေ။ ထိုစဉ်ကဗြိတိသျှတို့၏စစ်အင်အားမှာ များစွာ ချည့်နဲ့နေသေးရာ၊ ဂျာမန်ကဲ့သို့ အင်အားကောင်း၍ စစ်မှု ကျွမ်းကျင်လှသောရန်သူမျိုးနှင့် ဖက်ပြိုင်နိုင်ရန် ကစ်ချနာမှာ အထူးကြိုးစားခဲ့ရ၏။ တိုင်းပြည်လူထုကလည်း ကစ်ချနာ အပေါ်တွင် ကြည်ညိုလေးစားကြသည့်အလျောက် တိုက်ခိုက်ရန် အသင့်ရှိသည့် စစ်သည်တော်အင်အား ၁၆ဝဝဝဝမှ တပ်သား ၅ဝဝဝဝဝဝ ရှိအောင် ကစ်ချနာသည် အတိုက်အခံမရှိလှဘဲ နှစ်အနည်းငယ်အတွင်း ချဲ့ထွင်နိုင်ခဲ့လေသည်။

ရုရှအစိုးရနှင့်တိုင်ပင်ဆွေးနွေးရန်အတွက် ၁၉၁၆ ခု ဇွန်လ ၅ ရက်နေ့တွင် ဟမ္ပရှိုင်ယာအမည်ရှိ ကရူဇာစစ်သင်္ဘောဖြင့် ပက်ထရိုဂရက်မြို့သို့ထွက်ခွာခဲ့ရာ၊ ထိုနေ့ည ၈ နာရီခန့်အချိန်၌ အော့ကနီးကျွန်းစုအလွန်တွင် ဂျာမန်ရေမြှုပ်ဗုံးထိ၍ သင်္ဘော နစ်မြုပ်သွားလေသည်။ သင်္ဘောပေါ်တွင်ပါသမျှလူများထဲမှ သင်္ဘောသား ၁၂ ယောက်သာ အသက်ရှင်၍ လော့ကစ်ချနာ၏ အလောင်းကိုပင် ရှာမတွေ့ရတော့ချေ။

လော့ကစ်ချနာမှာ တစ်စုံတစ်ခုကိုမဖြစ်မနေပြုလုပ်တတ်၍ နက်နဲစွာချင့်ချိန်စဉ်းစားတတ်သူဖြစ်၏။ ထိုပြင် အလွန် စည်းကမ်းကြီးသူဖြစ်ရာ အချို့လက်အောက်ငယ်သားများက သူ့အားသဘောမကျကြပေ။ သို့သော် ကစ်ချနာသည် ထိုစည်း စနစ်များကို တသဝေမတိမ်းလိုက်နာခြင်းမှာ စစ်အောင်မြင်ရေး အကြောင်းတစ်ရပ်ပင် ဖြစ်သည်ဟု ယုံကြည်လေသည်။ ထိုသို့ စည်းကမ်းနှင့် အညီပြုတတ်သဖြင့်လည်း သူ၏ကြီးလေးလှသော စစ်မက်ရေးရာတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ သည်ဟု ဆိုရပေမည်။ ကစ်ချနာသည် သူ့အားပေးအပ်သမျှသော တာဝန်ဝတ္တရားများကို ပြီးပြတ်အောင်မြင်စွာ ဆောင်ရွက်မြဲ ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)