ကစားစဉ်၌ ယဉ်ကျေးခြင်း

ဝီကီပီးဒီးယား မှ

ကစားစဉ်၌ ယဉ်ကျေးခြင်းသည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။ ကစားစဉ်၌ ယဉ်ကျေးခြင်းတွင် ယေဘုယျအားဖြင့် ၁၀မျိုးရှိသည်။ ထို ၁၀မျိုးမှာ -

  1. ကစားသောအခါ စိတ်ပျော်ရွှင်ရန်ကိုသာ ဂရုပြုရာ၏။ သူတစ်ပါးအား ထိခိုက်နစ်နာစေခြင်း မရှိစေသင့်။ (ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းစေသော ကစားနည်းများကိုသာလျှင် ကစားရာ၏)
  2. ကစားသောအခါ အစုအသင်းဖွဲ့၍ ကစားခြင်းသည် တစ်ကိုယ်ကောင်းကြံတတ်သော စိတ်ကို ပယ်ဖျောက်စေသောကြောင့် ထိုကစားနည်းမျိုးကို အားပေးရာ၏။ (တစ်ကိုယ်ကောင်း အစွမ်းပြခြင်းထက် အဖွဲ့သားများနှင့် မျှတညီညွတ်စွာ ကစားခြင်းကို ပြုရာသည်။)
  3. အပျော်အရွှင် အနိုင်အရှုံးကစားခြင်း၌ အရှုံးအနိုင်ကို ပဓာန မထားဘဲ ကျန်းမာရေးနှင့် ပျော်ရွှင်စေရန်ကိုသာလျှင် ပဓာနထား၍ ကစားရာ၏။
  4. ကစားရာ၌ ဝမ်းသာဝမ်းနည်းခြင်းကို ထင်ရှားမပြရာ။ (နိုင်သောပွဲကို ကစားသကဲ့သိုပင် ရှုံးသောပွဲကိုလည်း စိတ်မပျက်ဘဲ ကစားရာ၏။)
  5. အငြင်းအခုန်ဖြစ်လျှင် တစ်ဘက်သားဆန္ဒ ပြောလိုချက်ကို ကြည့်ရှုနားထောင်ပါ၊ အငြင်းမသန်ပါစေနှင့်။
  6. ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ၊ ဆင်ခြေမတက်ဘဲ အမိန့်ကို ရိုသေစွာ နာခံရမည်။
  7. ဒိုင်လူကြီးမရှိလျှင် အသင့်အတင့်ဖြစ်အောင် အညီအညွတ် ဆုံးဖြတ်ပါ။
  8. ကစားစဉ် မတော်တစထိခိုက်မိလျှင် အပြစ်မယူပါနှင့်။ တမင်လုပ်သည်မဟုတ်ဟု ယူဆပါ။
  9. မိမိကလည်း မရည်ရွယ်ဘဲနှင့် ထိုကဲ့သို့ ပြုလုပ်မိတတ်သည်ကို သတိပြုပါ။
  10. ကြမ်းတမ်းသော စကား၊ ကြမ်းတမ်းသော အပြုအမူတို့ကို အလျဉ်းမသုံးပါနှင့်။ (ရှုံး၍ရမ်းခြင်းသည် အလွန်ရှက်ဖွယ်ကောင်းသော အပြုအမူဖြစ်၏။)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လိမ္မာယဉ်ကျေး ပြည့်ရင်သွေး၊ ပြည်သူ့နီတိ နှင့် လောကနီတိ၊ မောင်⁠မောင်တိုး။ (စာမျက်နှာ ၂၀-၂၁)