ကစားခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကလေးများ ဆော့နေပုံ

ကလေးသူငယ်နှင့် ကစားခြင်း[ပြင်​ဆင်​ရန်​]

ကလေးများကို ကြိမ်လုံးနှင့်ရိုက်မှ ဉာဏ်ထွက်မည်ဟု ရှေး အ ခါက လူအများယုံကြည်ခဲ့ကြ၏။ ယခုခေတ်ပညာရှိ တို့ကမူ၊ ထိုစံနစ်ဆိုးကို သဘောမကျဘဲ ဉာဏ်ပညာ ပိုမို ဖွံ့ဖြိုးတွင် ကျယ်စေရန် ကလေးများ စိတ်တိုင်းကျ ကစားခြင်းကို အားပေး ကြသည်။

ကစားခြင်း၏အရေးကြီးပုံ[ပြင်​ဆင်​ရန်​]

ကလေးများ ပညာသင်ကြားရေး၌ ကစားခြင်းသည် စာသင်ကြားပေးခြင်းနှင့် ထပ်တူထပ်မျှ အရေး ကြီးလေသည်။ ကစားခြင်းအားဖြင့် ကလေးတို့၌ ကာယဗလ သာမက ဉာဏဗလပါ ဖွံ့ဖြိုးတိုးတက်နိုင်လေသည်။


ကလေးတိုင်း ကစားခြင်းဖြင့်သာ အချိန်ကုန်လွန် လိုကြ၍၊ ကစားရမည်ဆိုလျှင် မည်သည့်ကလေးမျှ ငြင်းပယ် လိမ့်မည် မဟုတ်ချေ။ လူတို့၏နဂိုစိတ်သည်ပင် ကလေး အ ရွယ်၌ ကစားရန်သာ စိတ်အားထက်သန်၏။ ကလေးများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၌ရှိသော အင်အားများသည် လို သည်ထက်ပိုနေသဖြင့် ထိုအားပိုများကို အသုံးချရန် ကစား ပေးရသည်ဟု ဆိုလေသည်။ မကစားသောကလေးသည် ကျန်းမာရေး၌၎င်း၊ ဉာဏ်ပညာဖွံ့ဖြိုးရေး၌၎င်း၊ ချို့တဲ့တတ် သည်။ ကစားရမည့် အရွယ်တွင် ကစားပေးမှသာ အရာရာ တိုးတက်နိုင်ပေမည်။ လူတို့သည် အမိမွေးကတည်းက ပုခက် တွင်းဝယ် ခြေလက်လှုပ်ရှားကစားလာခဲ့ကြ၍ တဖြည်းဖြည်း ပြေးကာလွှားကာနှင့် ကစားတတ်လာပြီးနောက်၊ ကြီးပြင်း လာ သောအခါ ကစားကွင်းများ၌ စနစ်တကျ ကစားကြလေတော့ သည်။ ထိုသို့ ကစားသွားယင်းနှင့် မိမိ၌ မည်ကဲ့သို့ အကျိုး ရှိလာသည်ကို သိနားလည်သောအခါ လူကြီးများပင် ကိုယ် လက်လှုပ်ရှားကစားခြင်းကို အလေ့အကျင့် ပြုလုပ်ကြလေ သည်။

ကလေးစိတ်နှင့် တိရိစ္ဆာန်စိတ်[ပြင်​ဆင်​ရန်​]

ကလေးသူငယ်များကို အကျိုးဖြစ်ထွန်းစေမည့် ကိုယ်လက် လှုပ်ရှားကစားခြင်း၌ ဝါသနာပါအောင် သွန်သင်ပေးရန် အထူး လိုအပ်ပေသည်။ စိတ်ပညာပါရဂူများသည် ကလေးတို့၏စိတ်ကို မစုံစမ်းမီ တိရိစ္ဆာန်ကလေး များ၏ စိတ်ကို အလျင် လေ့လာ ကြည့်ကြ၏။ ထိုသို့လေ့လာကြည့်ရာတွင် ကလေးများပြုမှုပုံနှင့် တိရိစ္ဆာန်များ ပြုမူပုံသည် မခြားနားလှကြောင်းကို တွေ့ရ၏။ တိရိစ္ဆာန်ငယ်ကလေးများသည်လည်း ကလေးများနည်းတူ ကစားရန်သာ စိတ်သန်ကြ၏။ သဘာဝကပင် ကလေးများအဖို့ ကစားရမည့်အခြေအနေမျိုးကို ဖန်တီးထားရာ ကလေးတိုင်း ကစားသင့်ပေသည်။

ထို့ပြင် သူတို့သည် ထိုသို့ကစားရခြင်းမှာ နောင်လူကြီး ဖြစ်လာသောအခါ လူမှုကိစ္စလုပ်ငန်းအဝဝတို့၌ ကျွမ်းကျင် လိမ်မာလာစေရန်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ တိရိစ္ဆာန်ကလေး များကို ကြည့်မည်ဆိုလျှင် ကြောင်ကလေးသည် သိုးမွေးလုံးကို တို့ကာ မြှောက်ကာ ကစားနေခြင်းသည် နောင် သူကြီးပြင်းလာ သာအခါ သူ့အစာဖြစ်သောကြွက်ကို မည်ကဲ့သို့ဖမ်းယူကာ ကျီစယ်ကစားရမည်ကို ယခုကပင် သင်နေသကဲ့သို့ဖြစ်၏။ ခွေးငယ်ကလေးများ တစ်ကောင်ပေါ် တစ်ကောင်ထပ်၍ သတ်ပုတ်တမ်း လိုက်တမ်းပြေးတမ်း ကစားခြင်းသည် နောင် ကြီးပြင်းလာ၍ ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ ခုခံ ရှောင် တိမ်း တတ်အောင် လေ့ကျင့်နေသည်နှင့် တူတော့သည်။

လူ့သဘာဝတွင်လည်း တိရိစ္ဆာန်ကလေးများကဲ့သို့ပင်ဖြစ်ရာ မိန်းကလေးများသည် အိုးပုတ်ကလေးများဖြင့် ထမင်းဟင်းချက် တမ်း၊ အရုပ်ကလေးများဖြင့် ကလေးထိန်းတမ်းစသော မိန်းမမှု နှင့်ဆိုင်သည့် ကစားနည်းများကို ကစားလေ့ရှိ၏။ ယောက်ျား ကလေးများကလည်း သစ်ပင်တက်တမ်း၊ ကစားစရာ သေနတ်၊ တုတ်၊ ဓါးများ ကိုင်၍ စစ်တိုက်တမ်း၊ နပန်းလုံးတမ်း စသည် ဖြင့် ကစားတတ်ကြ၏။ ဤသို့ကစားခြင်းမှာ တစ်နည်းအားဖြင့် နောင်ရေးအတွက် လေ့ကျင့်ခြင်းဖြစ်သည်ဟု ဆိုရပေမည်။ ငယ်ရွယ်စဉ်တွင် လူကြီးများ ပြုမူလုပ်ကိုင်သည်တို့ကို အတု ယူကာ အမျိုးမျိုးအဖုံဖုံကစားခြင်းဖြင့် သူတို့၌ ဉာဏ်ပွင့်လင်း ခြင်း၊ မြော်မြင်တတ်ခြင်း၊ စိတ်ဓါတ် ပိုမိုခိုင်မာလာခြင်းစသော အကျိုးထူးများ ရနိုင်လေသည်။

စိတ်ပျိုမှ ကိုယ်နု[ပြင်​ဆင်​ရန်​]

ကိုယ်ခန္ဓာ ကျန်းမာသန်းစွမ်းမှသာ စိတ်ဓာတ်သည် ကြည်လင် ရွှင်လန်းနိုင်၏။ ကိုယ်နှင့်စိတ်သည် ဒွန်တွဲနေသော ကြောင့် ကိုယ်ကလှုပ်ရှားမှ တကိုယ်လုံးရှိ သွေးသားများ ကောင်းစွာ လှည့်ပတ်သွားလာနိုင်ပြီးလျှင် ဦးနှောက်သည် အလုပ်လုပ်နိုင်ပေမည်။ ထိုကြောင့် ကစားခြင်းသည် ဦးနှောက် အလုပ်ကောင်းကောင်း လုပ်နိုင်ရန်အတွက် အထူးလိုအပ်သဖြင့် ပညာသင်ကြားရေး၌ ကစားခြင်းကိုပါ ထည့်သွင်းထားကြလေ သည်။ တစ်နည်းဆိုရသော် ကစားခြင်းကိုမှီး၍ ပညာသင်ကြား ပေးသည်ဟုဆိုရာတွင် အလုပ်သဘောမပါဘဲ အလကား သက် သက်နှင့် အချိန်ဖြုန်းခြင်းဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ လုပ်ရမည့်အလုပ်ကို ငြီးငြီးငွေ့ငွေ့၊ ညည်းညည်းညူညူနှင့် စိတ် မပါ့တပါ မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နှင့် ခပ်တွင်တွင် ပြီး အောင် ပြုလုပ်ပေးခြင်းသာ ဖြစ်လေသည်။ ရှေးခေတ်က ကလေးများကို လွတ်လပ်စွာ ကစားခိုင်းထားခြင်းဖြင့် ပညာ တတ်မည် မဟုတ်ဟု ထင်ခဲ့ကြ၏။ ရှေးလူကြီးများက ကလေး တို့သည် အိုးခွက်များနှင့် ပမာတူ၍ 'စရည်းအိုးခွက်၊ ကြီးစွာ လျက်လျှင်၊ တန်စက်ကျများ၊ ပြည့်သောလားသို့'၊ ဟူသော စကားအရ နေ့စဉ်နှင့်အမျှ သူတို့စိတ်ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ၊ ဗဟုသုတပေးရမည်။ သို့မှသာ ပညာရေးအိုး ပြည့်ဖြိုး လာမည် ဧကန်ဖြစ်သည်။ ကလေးတို့သည် ဘာမျှမသိတတ် သော အမိုက်အမဲများဖြစ်သည်နှင့်အညီ တံဖျာနှင့်နှက်မှ ဉာဏ် ပညာ ထွက်မည်ဟု ယုံကြည်ခဲ့ကြ၏။ ဤသို့ဖြင့် ကလေးများ အပေါ်တွင် စာကျက်လျှင်ကျက် မကျက်လျှင် နှက်မည်ဟူသော အဓမ္မ စံနစ်သည် ရှေးက ကြီးစိုးခဲ့လေသည်။ နောက်မှ ကလေး များ၏စိတ်ဓာတ် အခြေအနေတို့ကို စူးစမ်း လေ့လာခဲ့သည့် ပညာရေးဆိုင်ရာ ပြုပြင်ရေးသမားဖြစ်သော ဖရားဗယ်နှင့် မွန် တက်ဆိုးရီးတို့၏ ဟောပြောချက်များကြောင့်၊ ကလေးများ၏ စိတ်ဓာတ်ကို ပိုမိုနားလည်လာသဖြင့် အကြင်နာဖက်ကာ အကြမ်းဝါဒများကို ပယ်ဖျောက်ပြီးလျှင် ကလေး၏စိတ်ဓာတ် နှင့် ညှိနှိုင်း၍ နှစ်ခြိုက်ရာကို ဖန်တီးပေးခြင်းအားဖြင့် ပညာ ခရီး ပိုမိုတွင်ကျယ်မည်ဖြစ်ကြောင်းကို သဘောပိုက်မိကြလေ သည်။


ဤသို့ဖြင့်ကလေး စိတ်တိုင်းကျ ကစားခြင်းနှင့် ယှဉ်မှီးသော ပညာသင်နည်း ကို စထွင်ခဲ့ကြ၏။ ပညာရေး၌ ကစားခြင်းသည် အလွန် အသုံးကျ အရေးကြီးကြောင်းကို ခေတ်မီပညာရှင်များ ကပင် ဝန်ခံကြလေသည်။ ကလေးလူကြီးအားလုံး ကစားနှင့် အလုပ် တစ်သဘောတည်းကျသောအခါ အားသန်၍ စိတ်ပါ လက်ပါ ပြုလုပ်ဆောင်ရွက်တတ်ကြသည်။ လူကြီးပင်ဖြစ်စေ သူဝါသနာပါသည့် အလုပ်တစ်ခုကို လုပ်နေရလျှင် ပင်ပန်းသည် ဟု သဘောမထား၊ အပျင်းပြေကစားနေရသည်ဟုပင် ထင်မှတ် တတ်၏။ နှစ်ခြိုက်ရာအလုပ်ကို လုပ်နေရလျှင် ပျော်ပိုက်လာ၍ စိတ်ကူးဉာဏ်ကူးများလည်း ဆတက်ထမ်းပိုး တိုးတက်လာမည် ဖြစ်ပေသည်။ စိတ်ပါဝင်စားသောကြောင့် အလုပ်တွင် အာရုံ စူးစိုက်နိုင်ပြီးလျှင် ကြံရည်ဖန်ရည်များ ထုတ်ကာ ကြီးပွား တိုးတက်ရာလမ်းကို စထွင်နိုင်လေသည်။ ထိုကြောင့် ကလေး များကို သူတို့ စိတ်အပါဆုံးဖြစ်သည့် ကစားခြင်းဖြင့်သာ ပညာ သင်ပေးလျှင် အလွန်ပင် သင့်လျော်လေသည်။ ဤသို့ စိတ်ပါ မှုကို ဖန်တီးပေးသည့် အချက်များမှာ ပြုလုပ်ရမည်ဖြစ်သော အလုပ်သည်၎င်း လုပ်နည်းသည်၎င်း ကလေးတို့၏ စိတ်ဓာတ် နှင့် ကိုက်ညီစေခြင်း၊ ကလေးတို့၏ ဘဝနှင့်ရင်းနှီးစေခြင်း၊ ရည်ရွယ်ချက်ရှိခြင်း၊ အဓိပ္ပါယ်ရှိခြင်းတို့ ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)