ကချင်ပြည်နယ်နေ့

ဝီကီပီးဒီးယား မှ

၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဗြိတိသျှအစိုးရအုပ်ချုပ်ခဲ့သည့် လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး နောက်ထပ် ၆ ရက်အကြာ ဇန်နဝါရီလ (၁၀) ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးလိုက်သည်။

ထိုနေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း၌ နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတကြီး စဝ်ရွှေသိုက်ကိုယ်တိုင်တက်ရောက်၍ မနော မဏ္ဍပ်ကြီးဖွင့်လှစ်ကာ ပထမဆုံးသော ကချင်ပြည်နယ်၏ ပြည်နယ်ကောင်စီကို စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ ပြည်နယ်ကောင်စီ အစည်းအဝေး၌ ဦးဆမားဒူးဝါး ဆင်ဝါးနောင်အား ကချင်ပြည်နယ်၏ ပထမဆုံးသော ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လျက် နိုင်ငံတော်သမ္မတ၏ ရှေ့မှောက်တွင်ပင် ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကျမ်းကို ကချင်ပြည်နယ်၏ ဥက္ကဋ္ဌသစ်ဖြစ်သော ဦးဆမားဒူဝါဆင်ဝါးနောင်၏ လက်သို့ နိုင်ငံတော် သမ္မတကြီးမှ အပ်နှံပေးခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ် အစိုးရကိုလည်း ထိုနေ့တွင်ပင် ဖွဲ့စည်းလျက် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” ဟူ၍ သတ်မှတ် အတည်ပြုထားခဲ့ခြင်းဖြစ် သည်။ ထိုနေ့မှစ၍ နှစ်စဉ် ဇန်နဝါရီ (၁၀) ရက်နေ့ ရောက်တိုင်း ပြည်နယ်အစိုးရမှ ကြီးမှူး၍ မြစ်ကြီးနား၊ စီတာပူမနောကွင်းကြီးတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ရိုးရာ မနောပွဲတော်ကြီးကို ကျင်းပလေ့ရှိခဲ့ကြသည်။

ဤကဲ့သို့ ဖြစ်ပေါ်လာသော ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်သည် ၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်လာသည့်အချိန်မှ စပြီး၊ ခေတ်ကာလတစ်ခု မှေးမှိန်သွားခဲ့လေသည်။ ၁၉၉၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးရခါစ တစ်ဖန် ကချင်ပြည်နယ်နေ့မနောပွဲတော်ကြီးအား ပြန်လည် ကျင်းပလာခဲ့ကြသည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ် ကျင်းပနိုင်ခွင့်မရှိခဲ့ပေ။ ၂၀၀၅ ခုနှစ်မှစ၍သာ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးအား နှစ်စဉ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကျရောက်မည့် ကချင်ပြည်နယ်နေ့သည့် ၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် အထိမ်းအမှတ်နေ့ဖြစ်သည်။ မြန်မာစစ်အစိုးရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်မှ ဦးဆောင်ကာ မနောပွဲတော်အား ကျင်းပနေခြင်းဖြစ်သည်။